အတိတ်က အတာ

အတာသင်္ကြန်လို့ ဆိုရရင် ငယ်စဉ်အခါ ပျော်ရွှင်စွာ ဖြတ်သန်းရဖူးတဲ့ သင်္ကြန်ကာလများကသာ ဦးနှောက်ထဲမက နှလုံးသားထဲမှာပါ စွဲလန်းနေတာကြောင့် အတိတ်နေ့ရက်များဆီက အတာသင်္ကြန်ပွဲတော် အမှတ်တရများကို ပြန်လည်ဝေမျှလိုပါတယ်။

CULTURE

Melanie Thitsar

မြန်မာလူမျိုးမှန်ရင် တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ သင်္ကြန်နဲ့ပတ်သတ်ပြီး ပြန်တမ်းတစရာ အမှတ်တရ ကိုယ်စီ ရှိကြလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ နိုင်ငံဝေး၊ အိမ်ဝေးဖြစ်နေတဲ့ ကျွန်မကိုယ်တိုင်မှာလည်း မြန်မာပြည်အကြောင်း သိကောင်းစရာတွေ ဝေမျှရတိုင်း နှစ်သစ်ကူးအတာသင်္ကြန်က ထိပ်ဆုံးကနေ ပါလာတော့တာပါပဲ။

သို့ပေမယ့် ကျွန်မအတွက် အတာသင်္ကြန်လို့ ဆိုရရင် ငယ်စဉ်အခါ ပျော်ရွှင်စွာ ဖြတ်သန်းရဖူးတဲ့ သင်္ကြန်ကာလများကသာ ဦးနှောက်ထဲမက နှလုံးသားထဲမှာပါ စွဲလန်းနေတာကြောင့် ကျွန်မရဲ့ အတိတ်နေ့ရက်များဆီက အတာသင်္ကြန်ပွဲတော် အမှတ်တရများကို ပြန်လည်အောက်မေ့ခွင့်ပြုပါရှင်။

ကျွန်မက ‘အောင်ကျော်ချမ်းအေး မန္တလေးမြေ’ က မန်းရွှေမြို့တော်သူပါ။ အလယ်ပိုင်းဒေသပီပီ နွေရာသီကို ရောက်ရင် မန္တလေးမြို့ကြီးက ကျွတ်ကျွတ်ပါအောင် ပူနေတတ်ပေမယ့် မန္တလေးသူ၊ မန္တလေးသားများဖြစ်တဲ့ ကျွန်မတို့အတွက်ကတော့ တန်ခူးမရောက်ခင် သုံးလပိုင်းကစလို့ ကျုံးလမ်းတစ်လျှောက်ကို ဖြတ်သွားတိုင်း ရင်ခုန်စိတ်လှုပ်ရှားနေတတ်ကြပါတယ်။

ကျုံးတောင်ဘက် အလည်နားဆီက မြို့တော်ဝန်ဗဟိုမဏ္ဍပ်၊ အရှေ့တောင်ထောင့်မှာ နေရာယူနေကျ Alpine မဏ္ဍပ်၊ ကျုံးမြောက်ဘက် တိရစ္ဆာန်ဥယျာဉ်နားလေးက Grand Royal မဏ္ဍပ်စသဖြင့် ရေကစားမဏ္ဍပ်ကြီးများ ပုံစံပေါ်လာတာကို ကြည့်ရင်း မန်းသူမန်းသားများ ကျွန်မတို့ဟာလည်း သင်္ကြန်အငွေ့အသက်ထဲကို ကြိုတင်ဆင်းသက်ထားရပါတော့တယ်။

ခြောက်သွေ့သွေ့ လေပြေရိုင်းလေးတွေ၊ တဖြုတ်ဖြုတ်ကြွေဆင်းလာတဲ့ ရွက်ခြောက်ကျွတ်ကျွတ်တွေ၊ ဥသြငှက်တို့ တွန်ကျုးသံတွေစတဲ့ နွေဦးသင်္ကေတလေးများက တန်ခူးအခါသမယနဲ့ ပေါင်းဖက်လိုက်တဲ့အခါ မြင်သူတကာရင်မှာ မိန်းမောသွားရတာမို့ 'သင်္ကြန်လေအမြူး လူအရူး' လို့တောင် တင်စားလေ့ရှိပါတယ်။

သင်္ကြန်ရောက်ခါနီးလာတိုင်း ရက်ကွက်တကာရှိ လက်ဖက်ရည်ဆိုင်တိုင်းက သင်္ကြန်သီချင်းများနဲ့ မြိုင်ဆိုင်လာကြပါတယ်။ လမ်းတကာလှည့်တဲ့ ထီလှည်းများဆီကလည်း ‘တူးပို့တူးပို့’ ကအစ ‘သင်္ကြန်မိုး’အဆုံး သင်္ကြန်သီချင်းများနဲ့သာ ထီအရောင်းဖွင့်တတ်ကြပါတယ်။ ကျွန်မတို့ ကလေးတစ်အုပ်အတွက်ကတော့ သင်္ကြန်နီးတိုင်း ဆိုင်တင်ရောင်းလေ့ရှိတဲ့ ရေပြွတ်၊ ရေသေနတ်၊ ရေဖလားလှလှလေးတွေကို မျက်စိအကျဆုံးပေါ့။ အပွင့်အခတ်၊ ဒီဇိုင်းဆန်းများနဲ့ ဦးထုတ်၊ အဝတ်အစား၊ ဖိနပ်မျိုးစုံတို့ကိုလည်း သင်္ကြန်ဆင်အဖြစ် ကြိုတင်ဝယ်ယူထားကြရင်း သင်္ကြန်ရက်ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်းက လက်ချိုးရေတွက်နေတတ်ကြပါတယ်။ တဖြည်းဖြည်း ဆောက်လုပ်ပြီးစီးလာတဲ့ မဏ္ဍပ်ကြီးများနဲ့အတူ နီးကပ်လာတဲ့ သင်္ကြန်ရက်မတိုင်ခင်မှာတော့ ကျွန်မတို့ ကျောင်းသူငယ်လေးတသိုက်ဟာ မဟာသင်္ကြန်ဖွင့်ပွဲအတွက် သင်္ကြန်ယိမ်းအကကို ညီညီညာညာတိုက်နေရပါပြီ။

ထိုခေတ်ထိုအခါတုန်းက အကြိုနေ့ရှေ့ တစ်ရက်ဆို အချိန်မှန်၊ ရာသီမှန် သင်္ကြန်မိုးရွာသွန်းတတ်တာမို့ မိုးသံလေသံတွေကြား 'သိကြားမင်းကြီး ဆင်းလာပြီဟေ့'လို့ အော်ဟစ်ရင်း ခွေးသားရေ ပုရိုက်ပိုက်ထဲ ကိုယ့်နာမည်မပါရလေအောင် သင်္ကြန်တစ်တွင်းလုံး လိမ်လိမ်မာမာနေဖို့ ကြိတ်တွေးရတာ အမောပါပဲ။ မိုးလင်းလို့ သင်္ကြန်အကြိုနေ့ကို ရောက်တဲ့အခါ ဝေ‌ဝေဆာဆာ ပွင့်လန်းလာတဲ့ ထိန်ထိန်ဝါဝါ ပိတောက်ပန်းများက သင်္ကြန်ရောက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာမောင်းခတ်လိုက်ပါတယ်။ ဤအတာပိတောက်ကို တစ်အိမ်နဲ့တစ်အိမ် လက်ဆင့်ကမ်းရင်း ဘုရားပန်းအိုးများ ထိုးကြ၊ အတာအိုးပတ်ပတ်လည်ကို ရွှေဝါရောင် ပန်းခတ်များနဲ့ အလှဆင်ကြရုံသာမက ပျိုပျိုအိုအိုတို့ရဲ့ ဆံကေသာကိုယ်စီထက်မှာ ပန်းပိတောက်က နေရာယူလို့နေပါပြီ။

သင်္ကြန်အကြိုနေ့မနက်ပိုင်းဟာ ပိတောက်ပွင့်များဆီကိုသာ အာရုံစိုက်ခံထားရပြီး ကြိုတင်အစီအစဉ်ဆွဲခြင်းများနဲ့သာ အလုပ်ရှုပ်နေကြတာကြောင့် အခြားသင်္ကြန်နေ့တွေထက်စာရင် အစည်အကားမများလှဘူးလို့ ပြောလို့ရပါတယ်။ သို့ပေမယ့် အကြိုနေ့နေ့လည်ခင်းကို ရောက်တာနဲ့ ကျွန်မအပါအဝင် ကျောင်းသူငယ်လေးများက ကျောင်းအလိုက် ဆင်မြန်းပေးထားတဲ့ သင်္ကြန်ယိမ်းဝတ်စုံလေးများကို ဆင်ယင်၊ သူ့အဖွဲ့နဲ့သူ မြို့တော်ဝန်မဏ္ဍပ်ကြီးရှေ့က ကျုံးလမ်းကြီး‌ပေါ်မှာ နေရာယူရင်း မဟာသင်္ကြန်အခါ ကျရောက်တဲ့ အခါသမယကို ရိုးရာအစဉ်အလာများနဲ့အညီ မြိုင်မြိုင်ဆိုင်ဆိုင် ကပြကြိုဆိုရပါတယ်။

မဟာသင်္ကြန် အဖွင့်သီချင်းအနေနဲ့ကတော့ ကျွန်မတို့ မန်းမြေကိုယ်စားပြု ဆရာမြို့မငြိမ်းရဲ့ 'မန်းတောင်ရိပ်ခို' သာ ထာဝရဖြစ်နေဦးမှာပါပဲ။ 'မြနန္ဒာ ရေညိုညိုရစ်ကာသန်းတော့၊ ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူ တွေရယ်' ဆိုတဲ့ စာသားထဲက နန္ဒာကန်ကြီးကတော့ မျက်မှောက်ခေတ်မှာ တိမ်ကောသွားပြီဆိုပေမယ့် ဘယ်တော့မှ ကွယ်ပျောက်မသွားမယ့် 'မန်းတောင်ရိပ်ခို' သီချင်းစာသားများကတဆင့် ရှေးယခင်ခေတ်က သင်္ကြန်အခါသမယရဲ့ ပျော်ရွှင်အေးချမ်းဖွယ်ရာ မြင်ကွင်းများကို မြင်ယောင်အားကျမိတတ်ပါတယ်။

'မန်းတောင်ရိပ်ခို' သီချင်းမှ အစပြုလို့ သင်္ကြန်ဖွင့်ပွဲကြီး စည်စည်ကားကား ပြီးစီးသွားတာနဲ့ ရေပက်ခံထွက်သူများကတော့ သင်္ကြန်ပိုးထနေကြပါပြီ။ အကြို၊အကျ၊ အကြတ်၊အတက် သင်္ကြန်လေးရက်စလုံးကို တစ်ရက်မျှမပျက် ရက်ဆက်ရေပက်ခံထွက်ကြသူများလည်း ရှိသလို ကျွန်မတို့လို အိမ်ရှေ့ရေတိုင်ကီချ၊ ဖြတ်သွားဖြတ်လာတိုင်းကို အမိအရပက်တဲ့ ကလေးတသိုက်ကလည်း မနည်းမနောပါပဲ။

မန္တလေးသင်္ကြန်မှာ အမိုးဖွင့်ထားတဲ့ သင်္ကြန်ကားများနဲ့ဖြစ်စေ၊ ပေါ့ပေါ့ပါးပါး ဆိုင်ကယ်လေးများနဲ့ဖြစ်စေ၊ နီးနီးနားနား ခြေလျင်လမ်းလျှောက်ပြီးတော့ဖြစ်စေ ရေပက်ခံထွက်ကြပြီဆိုရင် ကျုံးတပတ်က မဏ္ဍပ်များဆီကို အရင်လှည့်ကြပါတယ်။ မန်းမြေသင်္ကြန်ရဲ့အသက်က ကျုံးလမ်းတစ်လျှောက်မှာ တည်ပါတယ်။

မနက်ခင်းအရောက် နေမိုးသောက်တာနဲ့ ကျုံးဘက် မျက်နှာမူလို့ ကိုယ့်အုပ်စုနဲ့ကို ရေပက်ခံထွက်ခြင်းကို စတင်ကြပါတော့တယ်။ လေးရက်တွင်း တစ်ရက်ရက်တော့ ဦးပိန်တံတားကြီးဆီကို အလည်ထွက်ဖို့ကလည်း မမေ့မလျော့ပါပဲ။ လမ်းတိုင်းလိုလိုမှာ ရှိတတ်ကြတဲ့ အုန်းလက်မဏ္ဍပ်တွေကို ဖြတ်မောင်းရင်း ကိုယ်တိုင်ဖွဲ့ သံချပ်တစ်ခုခုကို သံပြိုင်အော်ဆိုနေတတ်တဲ့ သင်္ကြန်ကားတွေအတွက် ရေသေနတ်သေးသေးလေးတွေအစား မီးသတ်ပိုက်နဲ့ အမိအရပတ်ခြင်းကသာ အံဝင်ခွင်ကျဖြစ်နေသလို ရေပက်ပြီဟေ့ဆိုရင် ရေဖလားအပြည့်နဲ့ အားရပါးရပတ်တတ်တဲ့ အကျင့်ကလည်း မြန်မာတို့ရဲ့ သင်္ကြန်ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။

ရေပက်ခံထွက်သူ အများစုမှာ တူညီသော လည်ပတ်မှုပုံစံတွေ ရှိတတ်ကြပါတယ်။ နေ့လည်ခင်း ထမင်းစားနားရုံမှအပ မနက်ခင်းကနေ ညနေစောင်းထိ အဝလည်ကြပြီး ညဘက် ငွေငန်းအလှပြယာဉ်ကြီး ထွက်ပြန်တော့လည်း ယာဉ်ပေါ်ပါ လုံမပျိုတို့၏ သင်္ကြန်အကနဲ့ တီဆိုဖျော်ဖြေမှုများကို မ‌မောမပန်းနိုင် ရှုစားတတ်ကြပါသေးတယ်။

ကျွန်မတို့လို ရေပက်ခံအထွက်ရှားတဲ့ ကလေးတစ်သိုက်အဖို့ကတော့ ကိုယ့်အိမ်ရှေ့က ရေတိုင်တီကြီးများကသာ အလှပဆုံး သင်္ကြန်မဏ္ဍပ်လေးများပါပဲ။ ဖေဖေ ထွက်ဝယ်ပေးတဲ့ ရေခဲတုံးကြီးများကို ရေတိုင်ကီထဲမှာ စိမ်၊ ဖြတ်သွားဖြတ်လာများကို ကင်းစောင့်ရင်း တစ်ယောက်ယောက်က 'သင်္ကြန်ကား လာပြီဟေ့' လို့ အချက်ပေးလိုက်တာနဲ့ ကားပေါ်ကို လှမ်း၊ ဖလားပြည့်အားပြည့် ပက်ဖြန်းလိုက်တဲ့အခါ 'ရေခဲရေတွေ အေးလိုက်တာ' ဆိုတဲ့ မှတ်ချက်လေးများ လှမ်းကြားလိုက်ရရင် ရင်ထဲမှာ ဘဝင်ကျမဆုံးနိုင်တာကို အခုထက်ထိ အမှတ်ရမိနေပါသေးတယ်။

ရေပက်သိမ်းပြီးနောက် မုန့်လုံးရေပေါ်တွေ စုလုံးကြရင်း လမ်းသွားလမ်းလာတွေကို စတုဒီယာကျွေးမွေးဖို့ရာ ပြင်ဆင်ကြပါတယ်။ ငရုတ်သီးနည်းနည်းစွက်ထားတဲ့ မုန့်လုံးရေပေါ်လေးများကို ရက်ကွက်ထဲ တအိမ်တက်ဆင်း လိုက်ဝေးကြရင်း၊ အိမ်ကိုလာပေးကြတဲ့ စတုဒီသာများကို အဝစားရင်း ဗိုက်ပြည့်ကားသွားတဲ့ သင်္ကြန်နေ့ရက်တွေပါပဲ။ မြန်မာ့သင်္ကြန်နဲ့ စတုဒီယာကျွေးမွေးခြင်းကိုတော့ ခွဲခြားထားလို့ ရလိမ့်မယ် မထင်ပါဘူး။ ကျုံးမြောက်ဘက် မန္တလေးတောင်အနီး သုဓမ္မာဇရပ်တန်းများမှာ အိုးကြီးအိုးငယ်များစွာနဲ့ မုန့်ဟင်းခါး၊ ကြာဇံဟင်း၊ သာကူကြိုစတဲ့ စတုဒီယာမျိုးစုံကို အဝကျွေးကြရုံသာက လမ်းအသွယ်သွယ်များမှာပါ တနိုင်တပိုင် ကျွေးမွေးကာ နှစ်သစ်ကုသိုလ် ယူတတ်ကြပါတယ်။

ဒီလိုလည်ကြစားကြရင်းကနေ အတက်နေ့ကို ရောက်လာပြီဆိုရင်တော့ လူတိုင်းလိုလိုဆီကနေ သက်ပြင်းသံလေးတွေ စတင်ကြားရပါပြီ။ သင်္ကြန်ပွဲကြီး ပြီးတော့မယ်ဆိုတဲ့ ခံစားချက်က အကြို၊ အကျ၊ အကြတ် လည်ပတ်ရင်း လူပင်ပန်းတာထက် ပိုစိတ်နွမ်းစေတာပါပဲ။ သင်္ကြန်ပွဲတော်ကြီး ပြီးဆုံးတော့မယ်၊ ကိုယ်စီနေ့စဉ်ဘဝ၊ တာဝန်ဝတ္တရားအသီးသီးဆီ ပြန်ရတော့မည်ဆိုတဲ့ အတွေးဝင်လာတိုင်း သင်္ကြန်ဆိုတဲ့ အချိန်ကာလလေးကို ခေတ္တရပ်တန့်ထားမိချင်ကြပါတော့တယ်။ နှစ်ဆန်းတရက်နေ့ လူကြီးမိဘများကို လိုက်ကန်တော့ကြ၊ အလှူအတန်းတွေလုပ်ကြရင်း နောက်နှစ်သင်္ကြန်ကို မြန်မြန်ရောက်စေချင်တဲ့ စိတ်များနဲ့ စောင့်မျှော်ကြရပြန်ပါတယ်။

ကျွန်မလည်း သင်္ကြန်နဲ့ ဝေးကွာခဲ့ရတာ ဆယ်နှစ်နီးပါးရှိပါပြီ။ ဒီနှစ်များအတွင်းမှာ သင်္ကြန်ပွဲတော်တွေကို ကျွန်မ မြင်ခဲ့ကြားခဲ့ရပေမယ့် သင်္ကြန်ရောက်လာတိုင်း အမှတ်တရပေါင်းများစွာနဲ့ အတိတ်က သင်္ကြန်ကိုသာ ကျွန်မ လွမ်းဆွတ်မိနေဆဲပါပဲ။ ခေတ်ရေစီးကြောင်းကြားက သင်္ကြန်ပွဲတော်မှာ ပျော်ရွှင်ရမယ့်အစား အတိတ်က အတာကိုသာ ပြန်တမ်းတနေပါတယ်။

ပူပန်ကြပ်တည်းမှုတွေ ကင်းတဲ့သင်္ကြန်..

လူတိုင်းစေ့ ပြုံးနိုင်တဲ့ သင်္ကြန်..

ယဉ်ကျေးမှု လွှမ်းခြုံထားပြီး စိတ်ချလက်ချ ပျော်နိုင်တဲ့ သင်္ကြန်..

ခါတော်မီ ပွင့်လန်းလာတတ်တဲ့ ပိတောက်ခတ်တွေ ခြံရံရင်း အတာအငွေ့အသက်လွမ်းခြုံထားတဲ့ သင်္ကြန်သီချင်းလေးများနဲ့ ထိုသင်္ကြန်ကိုသာ ကျွန်မ လွမ်းမိနေပါတယ်။ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲလာတဲ့ အပြင်အဆင်တွေ၊ အပျော်ထက် အပျက်ကိုစွက်လာတဲ့လုပ်ရပ်များနဲ့ မြန်မာတို့ရဲ့ အတာသင်္ကြန်ကြီး အရောင်စွန်းလာတာကို မြင်ရတိုင်း ကျွန်မ ရင်ထုမနာဖြစ်မိတုန်းပါပဲ။

လက်ရှိအခါ ကျွန်မတို့ အမိနိုင်ငံကြီးမှာ ဖျားနာနေဆဲဖြစ်တာမို့ ရိုးရာသင်္ကြန် ပြန်လည်ရွှင်လန်းလာနိုင်မယ့် တစ်နေ့ကို စောင့်မျှော်ရင်း မြန်မာပြည် ပြန်နာလန်ထူလာနိုင်ဖို့ကိုသာ ဆုတောင်းနေမိပါတော့တယ်။