မုန့်လုံးရေပေါ်နှင့်သင်္ကြန်
အတာရေစင်ဖျန်းပက်ကာ နှစ်သစ်ကိုကြိုဆိုလေ့ရှိကြတဲ့ မြန်မာ့ရိုးရာ နှစ်သစ်သင်္ကြန်အခါ ရောက်ရှိလို့လာပါပြီ။ အခုလို မြန်မာ့ရိုးရာနှစ်သစ်ကူး ပျော်မြူးကြမယ့်ပွဲမှာ "မုန့်လုံးရေပေါ် " ဆိုတာ မပါမဖြစ်ပဲပေါ့။
CULTURECUISINES
Hazel Kyaw


မုန့်လုံးရေပေါ် ဆိုတာဘာလဲ?
မုန့်လုံးရေပေါ်ဆိုတာ ဆန်မှုန့်၊ ကောက်ညှင်းမှုန့်နဲ့ ရေတို့ကို အချိုးကျရောစပ်ပြီး မုန့်နှစ်လုံးကာ ထန်းလျက်အစာသွပ်ထားတဲ့ သင်္ကြန်ရက်ကိုရောက်ပြီဆိုတာနဲ့ အိမ်တိုင်းရဲ့ စားပွဲပေါ်မှာ နေရာယူထားတဲ့ ရိုးရာအချိုပွဲမုန့်လေးတစ်မျိုးပါ။
မုန့်လုံးရေပေါ် နှင့် မြန်မာ့သင်္ကြန်
သင်္ကြန်အချိန်အခါရောက်ပြီဆိုတာနဲ့ လူကြီး၊ လူငယ်၊ လူရွယ်မရွေး စိတ်ကူးမိတာက မုန့်လုံးရေပေါ်လုံးကြမယ်ဆိုတာပါပဲ။ မုန့်လုံးထဲမှာ ထန်းလျက်ထည့်ရမယ့်အစား တခါတရံ ငရုတ်သီးစိမ်းလေးများ ညှပ်ထည့်ကာ ကျီစယ်တတ်ကြတာလည်း မြန်မာ့သင်္ကြန်မှာ လူငယ်တွေရဲ့ ချစ်စဖွယ် အပျော်ရှာနည်းလေးတစ်မျိုးပေါ့။ ခုလို တန်ခူးလပွဲတော်ချိန်မှာ ချစ်ခင်ရတဲ့မိသားစုတွေ သူငယ်ချင်းတွေနဲ့အတူ ဝိုင်းဖွဲ့ကာ တစ်ယောက်တစ်လက်အားနဲ့ တက်ညီလက်ညီလုံးကြ၊ ဆယ်ကြ၊ မျှဝေစားကြ၊ ရေပက်ကစားကြရင်း ပွဲတော်ကိုဖြတ်သန်းလေ့ရှိတာပါတယ်။
မုန့်လုံးရေပေါ်လုပ်နည်း
ကောက်ညှင်းမှုန့် - 800 grams
ဆန်မှုန့် - 200 gram
ရေ - 600 ml
ဆား - အနည်းငယ်
ထန်းလျက် - 400 gram
အုန်းသီး - 1 လုံး
1. ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်တို့ကို ဇလုံတစ်ခုထဲသို့ထည့်ပြီး ရေနည်းနည်းချင်းစီထည့်ရင်းနယ်ပေးပါ။
2. မုန့်လုံးလေး မပျော့မမာ အနေတော်အနေအထားရပြီဆိုလျှင် ဇလုံပေါ်မှ အဝတ်လေးအုပ်ကာ 1 နာရီခန့်နှပ်ထားပေးပါ။
3. မုန့်လုံးနှပ်ထားစဥ် ထန်းလျက်လေးတွေကို အစိပ်ခပ်သေးသေး စိပ်ထားပါ။ အုန်းသီးကိုခြစ်ကာ ဆားအနည်းငယ်ဖြင့်နယ်ထားပေးပါ။ရေနွေးအိုးပွက်ပွက်ဆူအောင်တည်ထားပေးပါ။
4. နှပ်ထားသော မုန့်နှစ်ထဲမှ မုန့်သားလုံးလေးတွေကို အနည်းငယ်စီဖဲ့ယူပြီး ထန်းလျက်စိပ်လေးများ အစာသွပ်ကာ မသေးမကြီး အနေတော်ဆိုဒ် မုန့်လုံးလေးများလုံးလိုက်ပါ။
5. ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲသို့မုန့်လုံးလေးများ တစ်လုံးစီ အသာအယာထည့်ပြီး ပြန်ပေါ် လာသော မုန့်လုံးလေးများအား ရေအေးဇလုံထဲသို့ပြောင်းထည့်ပေးပါ။
6. မုန့်လုံးလေးများအား ရေအေးဇလုံထဲမှဆယ်ယူကာ နှစ်သက်ရာ ပန်းကန်ပြား သို့ အုန်းမှုတ်ခွက် အတွင်းသို့ပြောင်းထည့်ပြီး အုန်းသီးဖြူးကာ သုံးဆောင်နိုင်ပါပြီ။
မုန့်လုံးလေးတွေ အားလုံးလုံးပြီးသွားတဲ့အခါ ဘယ်သူက ငရုတ်သီးကံစမ်းမဲပေါက်မလဲဆိုတာကို နားစွင့်ရင်း ကံထူးရှင်ပေါ်ထွက်လာတဲ့အခါ စနောက်ကြ ပျော်ရွှင်ကြရတာလည်း နှစ်စဥ်မရိုးနိုင်သော အစဥ်အလာပါပဲ။
ချစ်ခင်ရသူများဖြင့် နှစ်သစ်ကိုအတူတကွဖြတ်သန်းရင်း ပျော်ရွှင်ဖွယ်အချိန်လေးများ ပိုင်ဆိုင်နိုင်ကြပါစေ။


My post content