A Breath of Calm: Kalaw’s Peaceful Charm & Our Stay at Highland Villa in Aung Ban

သဘာဝတရားကြီး၏ ကောင်းချီးပေးခြင်းရရှိထားသည့်မြို့ ၊ ရာသီအလိုက် ပန်းရောင်စုံများ ၊ သီးနှံစိုက်ခင်းများ နှင့် ပအိုဝ့် ၊ ဓနု နှင့် ရှမ်းလူမျိုးတို့၏ ဝဲတဲတဲစကားသံလေးများနှင့် လှပသောရှုမျှော်ခင်းများ ပေါင်းစုံရောယှက်ကာ သာယာဖွယ် ရှမ်းပြည်နယ်မှမြို့လေးတစ်မြို့ သို့မဟုတ် ကလော Kalaw is a peaceful town in Myanmar, known for its natural beauty, seasonal flowers, rich culture of Pa-O, Danu, and Shan people, and scenic hills.

FAMOUS PLACES IN BURMATRAVEL AROUND THE WORLD

Hazel Kyaw

မြို့ပြရဲ့မွန်းကျပ်တဲ့ လူနေမှုဘဝ၊ ရုံးမှအိမ် ၊ အိမ်မှရုံး ငြီးငွေ့ဖွယ် နေ့တဓူဝနေ့စဥ်တာဝန်များကနေ ခေတ္တအဝေးကိုထွက်ပြေးရင်း ကိုယ်ရော စိတ်ပါအနားယူချင်လာတဲ့အခါ ခေါင်းထဲမှာပထမဦးစွာ စဥ်းစားမိတဲ့နေရာတွေကတော့ အေးချမ်းတဲ့ဒေသတွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အအေးပိုင်းဒေတွေကို စီတန်းလို့စဥ်းစားလိုက်ရင် ခေါင်းထဲမှာဦးစွာပေါ်လာကတော့ ပြင်ဦးလွင်၊ ကလော၊ ပူတာအို စတဲ့ ‌တောင်ပေါ်ဒေသတွေပဲဖြစ်ပါတယ်။ ရှမ်းပြည်မှာမွေး ရှမ်းပြည်မှာကြီးပြင်းခဲ့တဲ့ ကျွန်မအတွက်ကတော့ အအေးပိုင်းဒေသချင်းတူရင်တောင် ကိုယ်ကြီးပြင်းရာ ရှမ်းပြည်နယ်ကသာ ပိုအေးတယ်ဆိုတဲ့ ဒေသစွဲလေးက ရှိနေပြန်ပါတယ်။

အောင်မြင်မှု၊ ကြီးပွားမှု ၊ ဘဝအာမခံချက်ပေးနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ သာယာလှပသော အနာဂတ်အတွက် အစရှိတဲ့ ခေါင်းစဥ်မျိုးစုံတွေကြောင့် ဘဝရဲ့ အရွယ်တစ်ခုမှာ လူတော်တော်များများဟာ ကိုယ်နှစ်သက်ပျော်ရွှင်ရာ နယ်မြေကို စွန့်ခွာပြီး မြို့ပြလူနေမှုကို အောင့်သက်သက်နဲ့ ရွေးချယ်ရတဲ့ အခိုက် အတန့်တွေ ရှိခဲ့ကြပါတယ်။ ကျွန်မလည်း ထိုလူတော်တော်များများထဲက တစ်ဦးပေါ့။

ဒီတစ်ခေါက် အလုပ်တွေပိတ်တဲ့အားလပ်ရက်မှာတော့ ကျွန်မချစ်တဲ့ရှမ်းပြည်ကို အလည်ပြန်ရင်း ရရှိခဲ့တဲ့အမှတ်တရအခိုက်အတန့်တွေကို စာဖတ်ပရိသတ်တွေနဲ့အတူ မျှဝေရင်းမှတ်တမ်းလေးအဖြစ် သိမ်းထားချင်ပါတယ်။

ကလောလို့ခေါ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ မြို့နယ်ငယ်လေးဟာ နယ်မြေဧရိယာအားဖြင့် ပြောစမှတ်ပြုလောက်အောင် မကျယ်ပြန့်သော်ငြား တစ်မြို့နယ်လုံးနဲ့ အနီးပတ်ဝန်းကျင် မြို့နယ်တွေဟာ ထင်းရှုးတောများ၊ သီးနှံစိုက်ခင်းများ ၊ ရာသီအလိုက်ပန်းခင်းများနဲ့ အမြဲလိုလှနေတတ်တဲ့ ဒေသငယ်လေးတစ်ခုပါ။ ဒီနှစ် ကျွန်မကလောကို ပြန်ဖြစ်တဲ့အချိန်ကတော့ ရှမ်းပြည်နယ်ရဲ့ ဆောင်းရာသီအစ စက်တင်ဘာလလေးပဲဖြစ်ပါတယ်။

ကလောမြို့ရဲ့ စက်တင်ဘာလဟာ ခိုက်ခိုက်တုန်အောင်အေးတာမျိုးမဟုတ်သေးသော်ငြား အနွေးထည်လွတ်နေလို့ရလောက်အောင်အထိလည်း မပူပြန်ပါဘူး။ ရန်ကုန်ကနေလာမယ်ဆိုရင် အမြန်လမ်းတွေကိုကျော်ဖြတ် တောင်အကွေ့အကောက်များကိုတတ်ပြီးတဲ့နောက် ကလောမြို့ကိုမရောက်ခင်မှာပဲ ဘယ်ညာဝန်းရံထားတဲ့ ထင်းရှုးတောများနှင့်အတူ ရာသီပန်းများဖြစ်တဲ့ ဒင်္ဂါးပန်းလို့ အလွယ်ခေါ်ကြတဲ့ cosmos ရောင်စုံ ကြိုးတိုးကျဲတဲလေးများကို စမြင်ရမှာပဲဖြစ်ပါတယ်။ ထိုမှတဆင့် မြို့အဝင်ဆိုင်းဘုတ်ကြီးကိုကျော်လွန်လိုက်ပြီဆိုတာနဲ့ ကလောမြို့ရဲ့ signature ဖြစ်တဲ့ ခေါင်မိုးချွန်ချွန်နဲ့ အိမ်လေးများကို စတင်မြင်တွေ့ရပါပြီ။

ဒီတစ်ခေါက်အိမ်ပြန်ခရီးမှာတော့ ‌အောင်ပန်းမြို့က Highland Villa ဆိုတဲ့နေရာလေးမှာ နေဖို့ရွေးချယ်ထားတာကြောင့် ကလောမြို့ မှာ မရပ်ပဲ အောင်ပန်းအထိရောက်အောင် ဆက်မောင်းလာခဲ့လိုက်ပါတယ်။ ကလောမြို့ကနေ အောင်ပန်းမြို့ကို သွားတဲ့လမ်းတလျှောက် လမ်းဘယ်ဘက်ခြမ်းက ထင်းရှုးတော၊ ညာဘက်ခြမ်းမှာတော့ တသွင်သွင်စီးနေတဲ့ ကလောချောင်းရှုခင်းလေးကိုကြည့်ရင်း ကားမောင်းနေရတာကိုက စိတ်ကိုအေးချမ်းမှုပေးစွမ်းနိုင်ပါတယ်။

ထိုမှတဆင့် ကလောအထွက် အင်းပြင်ရွာ၊ မြင်းကရွာနဲ့ လွိုင်ကော်လမ်းဆုံနေရာအထိ သွားတဲ့လမ်း တလျှောက်မှာတော့ cosmos နဲ့ တောရိုင်းနေကြာတို့က တလှည့် အလှဆင်ပေးနေကြပြန်ပါတယ်။လွိုင်ကော် လမ်းဆုံကနေ အောင်ပန်းမြို့ထဲကိုဖြတ်ပြီး 5 မိနစ်လောက် မှန်မှန်လေးမောင်းလိုက်တဲ့အခါ အောင်ပန်းမြို့အထွက် လမ်းဘယ်ဘက်ခြမ်းရဲ့ ဆီဆိုင်တန်းများအနီးမှာ " ကမ္ဘာလုံးခြံသို့" ဆိုတဲ့ ဆိုင်းဘုတ်လေးကို မြင်ရပါပြီ။ လမ်းညွှန်ဆိုင်းဘုတ်လေးအတိုင်း 2 မိနစ်လောက်မောင်းသွားလိုက်တဲ့အခါ ကျွန်မရွေးချယ်ထားတဲ့ " Highland Villa "ဆိုတဲ့နေရာလေးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါပြီ။

ကျွန်မသွားတဲ့အချိန်ဟာ ရှမ်းပြည်ရဲ့ ဆောင်းဦးရာသီဖြစ်တာ တစ်ကြောင်း ၊ Highland Villa ရဲ့ ပိုင်ရှင်တွေက ပန်းပင်တွေကိုချစ်မြတ်နိုးကြသူများဖြစ်လို့ တစ်နှစ်ပတ်လုံး ပန်းများဝေဆာနေအောင် အမြဲဂရုစိုက်ထားကြသူများ ဖြစ်တာတစ်ကြောင်း ဟိုတယ်ပတ်ဝန်းကျင်ဟာ စိုက်ပျိုးထားသောပန်းများ ၊ အလေ့ကျပေါက်သောသဘာဝပန်းများအပြင် အနီးနားရှိ သီးပင်စားပင်စိုက်ခင်းများ၏ အရောင်များနှင့် ပနံသင့်နေခဲ့ပါတယ်။

မနက်စောစော 5 နာရီမှစတင်ကာ ရန်ကုန်မှထွက်ခွါခဲ့ပြီး လမ်းတလျှောက် အရိပ်ကောင်းတဲ့သစ်ပင်ကြီးများ တွေ့ရင် ကားပေါ်အသင့်တင်လာတဲ့ဖျာလေးခင်းကာ အိမ်မှချက်ပြုတ်ထုတ်ပိုးလာတဲ့ ထမင်းဘူးလေးတွေကို ဖွင့်စားရင်း ဖြည်းဖြည်းမှန်မှန်မောင်းလာခဲ့ကြတာဖြစ်လို့ Highland Villa ကို ကျွန်မတို့ရောက်ချိန်မှာတော့ နေမင်းကြီးရဲ့ အိပ်တန်းတတ်ချိန်ဖြစ်လုနီးနေခဲ့ပါပြီ။ ခရီးရောက်မဆိုက် မိသားစုလိုဖြစ်နေတဲ့ ဟိုတယ်ပိုင်ရှင်မိသားစုကိုနှုတ်ဆက်ရင်း ဝန်းအနှံ့ ပန်းပင်လေးတွေကို လိုက်ကြည့်ရုံနဲ့တင် ခရီးပန်းမှု တဝက်နီးပါးလျော့ကျသွားတယ်လို့တောင် ခံစားမိပါတယ်။

ခြံအနှံ့ကို လမ်းတပတ်လျှောက်နေတဲ့အချိန်မှာပဲ နေလုံးကြီးဟာ လုံးဝပျောက်ကွယ်သွားပြီး လမင်းအရိပ်‌ရေးတေးတေးလေး စမြင်ရပါပြီ။ အအေးဓာတ်အရမ်းမကဲလာခင် အခန်းပြန်ပြီးရေမိုးချိုး သန့်စင်ပြီး ခဏအနားယူလိုက်ပါတယ်။ ရေချိုးပြီးသိပ်မကြာမီမှာပဲ ကြိုတင်မှာထားတဲ့ ညစာသုံးဆောင်နိုင်ပြီဖြစ်ကြောင်း အကြောင်းကြားလာ

နဲ့ ဟိုတယ်ရဲ့ အပေါ်ထပ် အမိုးဖွင့် Decking ပေါ်မှာ ပြင်ဆင်ထားတဲ့စားပွဲလေးဆီ ထွက်ခဲ့လိုက်ပါတယ်။ ထိုင်ခုံမှာနေရာမယူခင် ကောင်းကင်ကိုမော့ကြည့်မိလိုက်တဲ့

တစ်ခဏ္ဏမှာ မြို့ပြမှာ အခပေးဝယ်ယူလို့မရတဲ့မြင်ကွင်းနဲ့ ခံစားချက်ကို အရင်ဦးစွာခံစားလိုက်မိပါတယ်။ ပိန်းပိတ်အောင်မှောင်နက်နေတဲ့ ကောင်းကင်ပိတ်ကားကြီးပေါ်မှာ မှိတ်တုတ်မှိတ်တုတ်နဲ့ မြူးတူးနေကြတဲ့ အရွယ်အစားစုံလင်လှတဲ့ ကြယ်ပွင့်ရောင်စုံလေးများ။ ဒီလိုမြင်ကွင်းမျိုးဆိုတာ မြို့မှာဘယ်လိုမှရှာဖွေလို့မရနိုင်တာ ကိုယ်တွေ့ကြုံခဲ့ပြီးသားမို့ ရတောင့်ရခဲအခွင့်အရေးလေးမှာ ညလုံးပေါက်သာထိုင်ကြည့်နေချင်မိတယ်။

ညစာသုံး‌ဆောင်ပြီးတဲ့နောက် ပန်းခြံနားလေးမှာအစာကြေအောင်လမ်းလေး 10 မိနစ်လောက်လျှောက်ရင်း လေနဲ့အတူပါလာတဲ့ ပန်းရနံ့လေးတွေကို ရှုရှိုက်လိုက်ရတာ ရင်ထဲကိုအေးချမ်းသွားပါတယ်။ နောက်တစ်နေ့ မနက်မှာ အောင်ပန်းဒေသရဲ့ စျေးကိုသွားရောက်လည်ရင်း ဒေသအ‌ခေါ် " ‌စျေးသုံး" ရဦးမှာရယ် ညနေမှာ စိုက်ခင်းတွေထဲ သီးနှံဆင်းဝယ်ပြီး လတ်လတ်ဆက်ဆက် ချက်ပြုတ်စားဖို့ အားမွေးရဦးမှာမို့ အေးချမ်းလှတဲ့ညလေးကို ခေတ္တသာခံစားပြီး အိပ်ရာဝင်ခဲ့ပါတယ်။

နောက်လာမယ့်ရက်မှာကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်အလှအပတွေ ၊ ဒေသခံတွေရဲ့ နေ့စဥ်လှုပ်ရှားမှုကိုလည်း သေချာလေးမှတ်တမ်းတင်ခဲ့ပြီး စာဖတ်သူတွေနဲ့မျှဝေရမယ်ဆိုတဲ့ အတွေးလေးနဲ့ ညတစ်ညကို နိဂုံးချုပ်လိုက်ပါတယ်။